အနတ္တလက္ခဏသုတ်တော်သည် ရုပ်၊ နာမ်၊ ဓမ္မ အားလုံးတို့သည် ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်ကြောင်း ဟောကြားတော်မူသော သုတ်တော်မြတ် ဖြစ်သည်။
【 သမိုင်းအကျဉ်း 】
မြတ်စွာဘုရားရှင်သည် ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာသုတ်တော် ဟောကြားပြီးနောက် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့တွင် ဤအနတ္တလက္ခဏသုတ်တော်ကို ဆက်လက်ဟောကြားခဲ့ရာ ပဉ္စဝဂ္ဂီငါးဦးလုံး ရဟန္တာအဖြစ်သို့ ရောက်ရှိတော်မူခဲ့ကြသည်။
【 ပါဠိတော် အစ 】
ရူပံ ဘိက္ခဝေ အနတ္တာ။ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ ဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ရူပေ "ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ" တိ။
ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ ဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ရူပေ "ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ" တိ။
【 မြန်မာပြန်အနှစ်ချုပ် 】
- ရဟန်းတို့... ရုပ် (ခန္ဓာကိုယ်) သည် အစိုးမရသော အနတ္တဖြစ်သည်။ အကယ်၍ ရုပ်သည်သာ အစိုးရသော အတ္တဖြစ်ခဲ့ပါက ဤရုပ်သည် နာကျင်ခြင်း၊ အိုမင်းခြင်း၊ ပျက်စီးခြင်း ဆင်းရဲတို့ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။ "ငါ့ရုပ်သည် ဤသို့ ဖြစ်ပါစေ၊ ဤသို့ မဖြစ်ပါစေနှင့်" ဟုလည်း လိုရာညွှန်ကြား၍ ရနိုင်ပေလိမ့်မည်။
- ရုပ်သည် အစိုးမရသော အနတ္တဖြစ်သောကြောင့် ပျက်စီးဆုတ်ယုတ်ခြင်းဆင်းရဲ ဖြစ်ရသည်။ မိမိအလိုအတိုင်းလည်း လုံးဝ စေခိုင်းညွှန်ကြား၍ မရနိုင်ပေ။
- ဝေဒနာ (ခံစားမှု)၊ သညာ (မှတ်သားမှု)၊ သင်္ခါရ (ပြုပြင်မှု)၊ ဝိညာဉ် (သိမှု) တို့သည်လည်း အစိုးမရသော အနတ္တတရားများသာ ဖြစ်ကြပေသည်။
အနတ္တလက္ခဏသုတ်