ဂေါတမမြတ်စွာဘုရား၏ ထူးခြားလှသော ဘဝဖြစ်စဉ်တော် အကျဉ်းချုပ် -
၁။ ဖွားမြင်တော်မူခြင်း -
မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် ကပိလဝတ်ပြည် ဘုရင်သုဒ္ဓေါဒနနှင့် မိဖုရားမဟာမာယာတို့မှ လုမ္ဗိနီဥယျာဉ်၌ သိဒ္ဓတ္ထမင်းသားလေးအား ဖွားမြင်တော်မူခဲ့သည်။
၂။ တောထွက်တော်မူခြင်း -
သက်တော် ၂၉ နှစ်အရွယ်တွင် သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်တွေ့ရပြီး သံဝေဂရကာ ကဆုန်လပြည့်ကျော် ၁ ရက် ညဉ့်သန်းခေါင်ယံအချိန်တွင် တောထွက်တော်မူခဲ့သည်။
၃။ ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း -
၆ နှစ်တိုင်တိုင် ဒုက္ကရစရိယာ အကျင့်မြတ်ကို ကျင့်တော်မူပြီးနောက် သက်တော် ၃၅ နှစ်၊ မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်တွင် ဥရုဝေလတော မဟာဗောဓိပင်ရင်း၌ သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့သည်။
၄။ ပထမဆုံး တရားဦးဟောခြင်း -
ဝါဆိုလပြည့် စနေနေ့တွင် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား 'ဓမ္မစကြာ တရားဦး' ကို ဟောကြားတော်မူခဲ့သည်။
၅။ ပရိနိဗ္ဗာန်ပြုတော်မူခြင်း -
သက်တော် ၈၀ အရွယ်၊ မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းတော၌ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဂေါတမဗုဒ္ဓဝင်အကျဉ်း